Thursday, October 22, 2015

7 day news

အောက်တိုဘာ ၂၂၊  ၂၀၁၅ (ကြာသပတေး)၊ ညနေခင်း သတင်းလွှာ

အဝေးသင်တက္ကသိုလ် အနီးကပ်ရက်ပြောင်းလဲ
 

အဝေးသင်တက္ကသိုလ် ၀ိဇ္ဇာအထူးပြုကျောင်းသူ၊ ကျောင်းသားများတက်ရောက်ရမည့် အနီးကပ်သင်တန်းပို့ချမည့်ရက်ကို နိုဝင်ဘာ ၁၁ ရက်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သတင်းရရှိသည်။   
ယခင်က အနီးကပ်သင်တန်းပို့ချမည့်ရက်ကို နိုဝင်ဘာ ၉ ရက်နှင့် စာမေးပွဲဖြေဆိုရမည့် ရက်ကို နိုဝင်ဘာ ၂၁ ရက်တွင် ဖြေဆိုရမည် ဟု ကြေညာထားသော်လည်း နိုဝင်ဘာ ၁၀ ရက်သည် အများပြည်သူ ရုံးပိတ်ရက် ဒီပါဝလီနေ့ဖြစ်သောကြောင့် ပြောင်းလဲသတ်မှတ် လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သတင်းရရှိသည်။   
‘‘နဂိုက အနီးကပ်ကို ၉ ရက် သတ်မှတ်ထားတာ။ အဲဒီမှာ နိုဝင် ဘာ ၁၀ ရက်က အစိုးရရုံးပိတ်ရက် ဒီပါဝလီနေ့ဖြစ်လို့ နိုဝင်ဘာ ၁၁ ရက်ကို ရွှေ့လိုက်တာပါ’’ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ဖိလစ်ပိုင်တွင် ပစ်ခတ်မှုတစ်ခုအတွင်း တရုတ် ကောင်စစ်ဝန်ရုံး အရာရှိနှစ်ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံရှိ စားသောက်ဆိုင် တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားရာ တရုတ် ကောင်စစ်ဝန်ရုံး အရာရှိနှစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူရှိ စားသောက်ဆိုင် တစ်ခုတွင် ဖြစ်ပွားသော ပစ်ခတ်မှု၌ အခြား တရုတ် ကောင်စစ်ဝန် အရာရှိ တစ်ဦးမှာလည်း ဒဏ်ရာ ရရှိသွားသည်။ သေဆုံးသူများမှာ လက်ထောက် ကောင်စစ်ဝန်နှင့် သံရုံး ဘဏ္ဍာရေး အရာရှိတို့ ဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဆိုသည်။ ဒဏ်ရာရခဲ့သူမှာ ကောင်စစ်ဝန် ဆွန်ရွန်ဟွာဖြစ်သည်။

ကောင်စစ်ဝန်သည် စားသောက်ဆိုင်တွင် ၎င်း၏ မွေးနေ့ပါတီပွဲ ကျင်းပနေစဉ် ယခုလို ပစ်ခတ်မှု ပေါ်ပေါက်လာခြင်းဟု သိရသည်။ ဆွန်သည် လည်ပင်းတွင် ဒဏ်ရာရခဲ့သော်လည်း ဆေးရုံတွင် ကုသမှု ခံယူကာ အခြေအနေ တည်ငြိမ်နေပြီဟု သိရသည်။

အောက်တိုဘာ ၂၁ ရက် ဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ကောင်စစ်ဝန်ရုံးတွင် အလုပ်လုပ်သည့် အမျိုးသမီး တစ်ဦးနှင့် သူမ၏ ခင်ပွန်းသည်တို့ကို ဖမ်းဆီးထားလိုက်သည်။ သို့သော် မည်သူမည်ဝါ ပစ်ခတ်ခဲ့သည် ဆိုခြင်းမှာမူ သတင်းဖော်ပြချက်များ ရှုပ်ထွေးနေဆဲ ဖြစ်သည်။

“ပစ်ခတ်မှု ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်”ဟု ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးဖြစ်သည့် ပရူဒန်စီယို ဘာနက်စ်က ဆိုသည်။ ကောင်စစ်ဝန်၏ လက်ထောက်ဖြစ်သူ ဆွန်ရှန်းမှာ လည်ပင်းတွင်လည်းကောင်း၊ ဘဏ္ဍာရေး အရာရှိ အမျိုးသမီး လီဟွီမှာမူ ဦးခေါင်းတွင်လည်းကောင်း အသီးသီး သေနတ်ထိမှန် သေဆုံးခဲ့သည်။

အခင်းဖြစ်ရာ နေရာမှ ပစ္စတို သေနတ် တစ်လက်ကို သိမ်းဆည်း ရမိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဝီလ်ဘန်မေယာက AFPသို့ ပြောကြားခဲ့သည်။

နာမည်ကြီး စားသောက်ဆိုင် တစ်ခုဖြစ်သည့် Lighthouse၏ မန်နေဂျာ စတီဖန်ဂျွန် ပါတဲရိုက ပစ်ခတ်မှုသည် သီးသန့်ခန်း တစ်ခုထဲတွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ ဒေသခံ နိုင်ငံရေးနှင့် သံတမန်ရေးရာ အရာရှိများသည် စားသောက်ဆိုင်တွင် သီးသန့်ခန်းများ မှာယူ အသုံးပြုလေ့ ရှိသည်။

“ကြည့်ရတာတော့ အားလုံးက ခင်ခင်မင်မင်ပါပဲ။ ရုတ်တရက် တစ်ခုခု အချင်းများရာက ပစ်ခတ်ကုန်ကြတာလို့ ထင်တယ်”ဟုလည်း ပါတဲရိုက မှတ်ချက်ပေးခဲ့သည်။ မနီလာရှိ တရုတ်သံရုံးနှင့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က အဆိုပါ ဖြစ်ရပ်ကို မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။

_Ref: CNN

Read more on 7DayDaily.com

ADVERTISEMENT

ShareTweetForward+1Read Later7Day Daily © 2014 An Information Matrix Company Limited. All rights reserved.

unsubscribe from this list    update subscription preferences 

Facebook   |   Twitter   |   YouTube

No comments:

Post a Comment